ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား တွေ့ဆုံ၊ e-ID စနစ်လုပ်ငန်းနှင့် သန်းခေါင်စာရင်း
ကောက်ယူရေးလုပ်ငန်းတို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးကူညီပေးနိုင်ရေးဆွေးနွေး။
နေပြည်တော်၊ ဇူလိုင် ၂၅ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ဇူလိုင်လ (၂၅) ရက်၊ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ် သည့် e-ID စနစ်အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်နေမှု၊ ယခင်ကာလက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် e-ID ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့မှုနှင့် နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ ခန့်ထားဆောင်ရွက်ပေးမှု အခြေအနေ၊ e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းအား မိမိတို့နိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် အတွေ့အကြုံရှိပြီးဖြစ်သည့် အိန္ဒိယနိုင်ငံမှ အဆင်ပြေသင့်လျော်မည့် နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်အား ကာလတို ငှားရမ်းအသုံးပြုနိုင်မည်ဆိုပါက ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရာ၌ GIS စနစ်အတွက် အိန္ဒိယနိုင်ငံမှ အကြံပေးပုဂ္ဂိုလ်ကိုလည်း ကာလတိုငှားရမ်းအသုံးပြုနိုင်ရန် အကူအညီပေးနိုင်ရေး အခြေအနေ၊ နည်းပညာဆိုင်ရာအတွေ့အကြုံကောင်းများရှိသည့် အိန္ဒိယနိုင်ငံမှ မိမိတို့ဌာန လုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်နှင့် အကြံပေးပုဂ္ဂိုလ်များအား ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးလိုသည့်ကိစ္စနှင့် လုပ်ငန်းဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.