ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးမြို့၌ မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးမြို့၌ မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား

ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား။

နေပြည်တော်၊ ဇူလိုင် ၂၇ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ဆက်စပ်ဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online မှ ပေးပို့ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေသူများအား ရှင်းလင်းပြောကြားရာတွင် နောင် ကျင်းပမည့် ‌ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံးအတွက် ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မိမိတို့ဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝန်း နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာ ပြုစုနိုင်ရေးအတွက် အခြေခံ ကျသည့် ကိုယ်ရေးအချက်အလက်များကို မိမိတို့ဌာနမှ တာဝန်ယူ၍ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ ကွန်ပျူတာများ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မိမိတို့ဌာန မြို့နယ်ရုံးများရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင် စာအုပ်(နိုင်-၄)နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တို့ရှိ အချက်အလက်များကို Software Program ဖြင့် ကွန်ပျူတာများ အသုံးပြုဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်-၄ မှတ်တမ်းပါ အချက်အလက်များအားလုံးကို ရုံးချုပ်သို့ ပေးပို့ဆောင်ရွက်ပြီးဖြစ်၍ ၎င်းအချက်အလက်များကို အခြေခံကာ မြို့နယ်ရုံးအသီးသီး ရှိ အိမ်ထောင်စုလူဦးရေစာရင်းများကို ကွန်ပျူတာများဖြင့် ဖြည့်သွင်းခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာကလအတွင်း လျာထားအရည်အတွက်များ ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရ မည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေးလူငယ်များ၏ ပံ့ပိုးကူညီဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် မဲစာရင်းမှန်ကန်ရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သော်လည်း ယင်းအချက်အလက်များကို အသုံးပြု၍ မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်၏ e-Government စနစ် အကောင် အထည်ဖော်ရာတွင် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ယခုအချက်အလက်များ သည် အရေးကြီးသည့် အချက်အလက်များဖြစ်သည်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီး ရေးတို့အတွက် အားလုံးက အလေးထား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ဖြင့် အကျယ်တဝံ့ ရှင်းလင်းပြောကြားကာ လုပ်ငန်းဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများ ဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်သည့်လုပ်ငန်းအား ပဲခူး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွန်ပျူတာအလုံး(၄၀)၊ ပဲခူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် (၁၅)လုံး နှင့် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် (၅)လုံး စုစုပေါင်း ကွန်ပျူတာအလုံး(၆၀)ဖြင့် နေ့ဆိုင်း/ညဆိုင်း အဖွဲ့များခွဲကာ သတ်မှတ်ကာလအတွင်း  အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.