ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး ဆွေးနွေးမှာကြာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား

လူတွေ့မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး ဆွေးနွေးမှာကြား။

နေပြည်တော်၊ မတ် ၁၀ ။

          မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို မတ်လ(၁၀)ရက်၊ ယနေ့မွန်းလွဲ(၁) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ် များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်းအကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက် ကြသည်။

IMG_9919

          ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူတွေ့မေးမြန်း အကဲဖြတ်ခြင်းမဆောင်ရွက်မီ ဗဟိုကော်မတီဝင်များအားတွေ့ဆုံကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(Permanent Residence System-PR System) ကျင့်သုံးနိုင်ရေး အတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR)ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစား (၄)မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးမှု၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအား ပြင်ဆင်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည့်အတွက် PR လျှောက်ထားရာတွင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ပါ လျှောက်ထားနိုင်မှုအခြေအနေ၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ PR လျှောက်ထားသူများအား စိစစ်ခွင့်ပြုပေးမှု၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိနေသူများ အပါအဝင် ယခုလူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူများအား PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်မေးမြန်းအကဲဖြတ်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

IMG_9950

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများ အား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

          ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထား သည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့် အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြုဆုံးဖြတ် ကြသည်။

          မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System)ဖြင့် ကျွမ်းကျင် ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့်စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာ နိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့်သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်မှ ယခုအထိမိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း(၇၄၆)ဦးရှိပြီး မိသားစုအပါအဝင်(၆၇၀)ဦးအား အတည်ပြုခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇)ဦး၊ လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသူ(၁)ဦး၊ သေဆုံးသူ(၁)ဦးရှိကြောင်းသိရသည်။

IMG_9957

ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိသူ(၃၇)ဦးနှင့် မိသားစုဝင် (၁၀)ဦး၊ ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူ (၁၇)ဦးနှင့် မိသားစုဝင်(၁)ဦးရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ (၃၇)ဦးနှင့် နောက်ဆုံး စိစစ်ပြီးသူ (၁၇)ဦး၊ စုစုပေါင်း (၅၄)ဦးအနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ (၂၁)ဦးအား လူတွေ့မေးမြန်းအကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့် သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင် ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ (-)

IMG_9964

Sorry, the comment form is closed at this time.