ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်

Ms. Noriko Takagi အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

နေပြည်တော်၊ မေ ၁၈ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား မေလ (၁၈) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_1422 IMG_1431

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့ နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့မှု နှင့် လက်ရှိကာလတွင် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ(MoU)ရေးထိုးဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် MoU သက်တမ်းတိုးမြှင့်နိုင်ရန် လိုအပ်သည့်လု်ပငန်းအခြေအနေများ၊ ပကတိ မြေပြင်အခြေအနေ၏ ဖြစ်ရပ်မှန်ကိုမသိရှိဘဲ ပြည်ပအဖွဲ့အစည်းတချို့နှင့် ပြည်ပမီဒီယာတချို့၏ ထုတ်ပြန်ချက်များ၊ထုတ်လွှင့်မှုများကြောင့် လုပ်ငန်းများအဟန့်အတားဖြစ်၍ နှောင့်နှေးကြန့်ကြာ နေမှုအခြေအနေ၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်း အောင်မြင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေမှုအခြေ အနေ၊ UNHCR အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းအပြင် လက်ရှိ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားရသည့် ဒေသများသို့လည်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.