ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများအား စစ်ဆေး၍ လုပ်ငန်းဆိုင်ရာများမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး၊

ရမည်းသင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများအား စစ်ဆေး၍ လုပ်ငန်းဆိုင်ရာများမှာကြား

နေပြည်တော်၊ မတ် ၂၈။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်၊ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့သို့သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်အချက်အလက်များ စိစစ်မေးမြန်းအတည်ပြု ဆောင်ရွက် နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက အချက်အလက်များမှန်ကန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်သွင်းဆောင်ရွက်ရေး၊ ၎င်းတို့၏အချက်အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျတိုက်ဆိုင် စိစစ်ဆောင်ရွက်ရေးမှာကြားသည်။

IMG_2362
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံသား ကတ်ပြားထုတ်ပေးပြီးသူများ အား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေး၍ ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_2254

          ယင်းသို့ ဆောင်ရွက်ပေးရာတွင် ပျော်ဘွယ်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ( ၂၅ ) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၇) ကတ် ထုတ်ပေး နိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများအား တစ်ပါတည်းတစ်နေရာတည်းတွင် e-ID စနစ် အတွက် Biometric ကောက်ယူခဲ့ကြောင်းသိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမသို့ သွားရောက်ရာ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း က ခရိုင်၏နယ်မြေဒေသအခြေအနေနှင့် ခရိုင်အတွင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှု၊ ပန်းခင်း စီမံချက်နှင့် Biometric ကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့် သန်းခေါင်စာရင်းကောက်ယူရေး အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် စာရင်းအချက်အလက်များ မှန်ကန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးနေမှု၊ ပြည်သူများအား နောင်တွင် ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးအတွက် e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် Biographic/Biometric ကောက်ယူဆောင်ရွက်နေမှု၊ ယခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများအား ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက် ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_2371

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင် များ စနစ်တကျသိမ်းဆည်းထားရှိမှု၊ ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်ဖြည့်သွင်းနေမှုနှင့် ရုံးအဆောက်အဦအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မှတ်တမ်းမှတ်ရာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံကာ ဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံအတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့်လုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင်ဧည့်ရိပ်သာ၌ ဝန်ထမ်းများနှင့်အတူနေ့လည်စာကို လက်ရည်တစ်ပြင်တည်းအတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.