ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊
နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်၍ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြား၊ တိုင်းအဆင့်နည်းပြ သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု ကြည့်ရှုအားပေး။
နေပြည်တော်၊ ဩဂုတ် ၂၇ ။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို ဩဂုတ်လ (၂၇) ရက် ယနေ့နံနက် (၉) နာရီခွဲက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေး တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင် စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုအတွင်း၌ရှိသည့် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်း ပမာဏကြီးမားကျယ်ပြန့်ပြီး ငွေကြေးကုန်ကျမှု များပြားသည့်အတွက် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို (၁၀) နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့ နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်ပြီးနောက် (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုဆိုလျှင် အချိန်ကာလ(၁)လခန့်သာလိုတော့ပါကြောင်း၊ သန်းခေါင် စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း (၉၀၀၀) ကျော်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀၀၀) ကျော်ဖြင့် ကောက်ယူရန်လျာထားပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲ များကြောင့် သတ်မှတ်ရက်အတွင်းကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူ နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက်မေးခွန်း(၁၈)ခု ကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေး ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်း ကို နေပြည်တော်ရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြ သင်တန်းများ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယင်းနောက် ခရိုင်အဆင့်နည်းပြသင်တန်းများ၊ မြို့နယ် အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းများကို သတ်မှတ်ကာလများအတိုင်း ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရ မည်ဖြစ်ပါကြောင်း၊ ယခု သန်းခေါင်စာရင်းကို နည်းပညာအသုံးပြု ကောက်ယူမည်ဖြစ်ရာ ရှေ့ပြေး လူဦးရေစာရင်းကို အချိန်တိုတိုအတွင်းသိရှိထုတ်ပြန်နိုင်မည်ဖြစ်ပြီး ယင်းစာရင်းများကို မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရာမှရရှိသည့် စာရင်းအချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်၍ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့် အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ စီမံချက်ပါလုပ်ငန်းများကို သတ်မှတ်ကာလ အတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူ လူထုအသိပညာပေး TV Spot များကိုပြသသည်။
ယင်းနောက် တက်ရောက်လာကြသူများက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ် များနှှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းက လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေး၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက်၍ အဆိုပါရုံးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ မကွေးတိုင်း ဒေသကြီး၊ တိုင်းအဆင့် နည်းပြသင်တန်းဆွေးနွေးပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားအရာရှိများအား သင်တန်းမှပို့ချချက်များကို စနစ်တကျအလေးဂရုပြု မှတ်သားကာ ခရိုင်အဆင့်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်း များတွင် ထိထိရောက်ရောက် ဆွေးနွေးပို့ချနိုင်ရေး၊ မေးမြန်းမည့်မေးခွန်းများနှင့်ပတ်သက်၍ ပြည်သူများပြန်လည်ဖြေကြားရာတွင် ရှင်းလင်းလွယ်ကူစွာ ဖြေကြားနိုင်မှုရှိစေရေးအတွက် အလေးဂရုပြု မေးမြန်းဆောင်ရွက်ကြရေး၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေကို သိရှိနားလည်ပြီး ပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ကြည်သာရွှင်ပြစွာ မေးမြန်း ကောက်ယူရေး၊ မိမိတို့၏အတွေ့အကြုံများနှင့် နည်းပြသင်တန်းများမှ လေ့လာသိရှိခဲ့သည့် အချက်များအပေါ်မူတည်ကာ ဆင့်ပွားသင်တန်းများတွင် ထိထိရောက်ရောက်ဆွေးနွေးပို့ချနိုင်ရေး နှင့် အခက်အခဲများရှိပါက ရုံးချုပ်သို့ဆက်သွယ်ဖြေရှင်းဆောင်ရွက်နိုင်ရေးရှင်းလင်းမှာကြားကာ သင်တန်းသားများအား သင်တန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုအားပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဦးစီးမှူးရုံးခန်းမ၌ ဝန်ထမ်းများက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ ကန်သာလမ်းရှိ ဈေးရှေ့၌ စိုက်ထူထား သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပေး Bill Board များ စိုက်ထူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု ပြီးနောက် မကွေးမြို့တွင်း လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတွင် Bill Board များ စိုက်ထူ ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.