နိုင်ငံတစ်ဝန်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့က
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာ သို့လာရောက်၍ စာရင်းကောက်ယူ။
နေပြည်တော်၊ အောက်တိုဘာ ၁ ။
ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ(၁၅)ရက်အထိ (၁၅) ရက် ကြာကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့လာရောက်၍ စာရင်းကောက်ယူကြသည်။
သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်း ဖြည့်စွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့သည်။
အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ မိသားစုလူဦးရေနှင့် အိမ်အကြေင်းရာ သန်းခေါင်စာရင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့ကိုလည်း ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြ သည်။
နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရ ခြင်းဖြစ်သဖြင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် (၁၀)နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်လျက်ရှိသည်။
သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များသည် နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြုရသည့် အချက်အလက်များဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကကောက်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်နှင့် အညီအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းတစ်ခုဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား (၁၀)နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ် လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့် မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့်စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း (၄၁)ခုကိုသာ မေးမြန်းကောက်ယူခဲ့ သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြည့်စုံစေရေးအတွက် မေးခွန်း (၂၇)ချက် တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း (၆၈) ခုကို မေးမြန်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပဒေအနေဖြင့် ပညာရေး ကဏ္ဍတွင် ကျောင်းဆက်လက်မတက်ရောက်ရသည့် အဓိကအကြောင်းရင်း၊ အိမ်အကြောင်းအရာ ကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ်စသည်ဖြင့် တိုးမြှင့်မေးမြန်း ထားသည်ကို တွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများဖြစ်သဖြင့် လက်တွေ့အသုံးဝင်သည့် အချက်အလက်များပင်ဖြစ်ကြောင်း၊ စာရင်းကောက်ယူသူများက နံနက် (၇)နာရီမှ ညနေ (၆)နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/ မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ထည့်သွင်းမကောက်ရမည့်သူများ မှအပ သန်းခေါင်စာရင်းထည့်သွင်းမကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန် တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန် ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်း တွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။ (-)
Sorry, the comment form is closed at this time.