ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အမြင်ခြင်းဖလှယ်ဆွေးနွေး။
နေပြည်တော်၊ နိုဝင်ဘာ ၂၂။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့အား နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ်၊ Shang Shui Ballroom ၌ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Ganlu က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများအပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းမှသာ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြပါကြောင်း၊ ယခုအခါ နှစ်နိုင်ငံနယ်စပ် ဝင်/ထွက် ဂိတ်တစ်ချို့အား လုံခြုံရေးအရ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များအား လုံခြုံရေးအထူးတင်းကြပ်ထား ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တိုက်ပွဲများရပ်တန့်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိကာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းအဖြေရှာ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့ဘက်မှ ယခုကဲ့သို့ ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားသောနိုင်ငံများ၏ နယ်စပ်ဂိတ်များ ဝင်/ထွက်သွားလာမှုကိုလည်း စနစ်တကျလိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး အတွက်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင် စာရင်း နှင့်ပတ်သက်သည့် ကျွမ်းကျင်သင်တန်းများ တက်ရောက်နိုင်စေရေးနှင့် သင်တန်းများပို့ချ ဆွေးနွေးနိုင်ရေးအတွက်လည်း ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များလည်း ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ကူးသန်း ရောင်းဝယ် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ် ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေသကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားရှိကာ လက်ကမ်းကြိုဆို လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ တရားမျှတသည့် ရွေးကောက်ပွဲ ၏ အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းမှန်ကန်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေ အရ ကောက်ယူရန်ကျန်ရှိသည့် နယ်မြေဒေသတစ်ချို့ကိုလည်း ဆက်လက်ကောက်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နည်းပညာနှင့် ဘာသာရပ် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက် ပေးစေလိုပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား လုံခြုံရေးအရ စိစစ်၍ နှစ်နိုင်ငံပြည်သူများ ဝင်/ထွက် သွားလာမှု အဆင်ပြေစေရေးဆောင်ရွက်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အကြမ်းဖက် ဖြစ်စဉ်ဖြစ်ပွားသည့် နယ်စပ်ဂိတ်များအား လုံခြုံရေး အထူးတင်းကြပ်ထားသည့် အတွက် နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူများ အပြင် စီးပွားရေး လုပ်ငန်းရှင်များလည်း အခက်အခဲများ ရှိသည်ကို သိရှိနားလည်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နယ်စပ်ဒေသများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များအပေါ် အသိအမှတ်ပြု အလေးထား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ အောင်မြင်ရေးအတွက်လည်း ထောက်ခံရပ်တည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် ဒုတိယဝန်ကြီး Mr. Xu Ganlu တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဒုတိယဝန်ကြီး Mr. Xu Ganlu က နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.