ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ နိုင်-၄ နှင့် ပုံစံ (၆၆/၆) ပါ
အချက်အလက်များမှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက မှန်ကန်သော မဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ်ကြောင်းပြောကြား။
နေပြည်တော်၊ စက်တင်ဘာ ၉။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ယူပြီး သက်ဆိုင်ရာ အာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ နိုင်ငံတော်စီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိ သည့် ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့် (၂) အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီးနိုင်ရေး အတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းဆွေးနွေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်းဖြင့် စက်တင်ဘာလ ၉ ရက်၊ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပန်းခင်းစီမံချက်(၁/၂)နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲကာ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ပမာဏ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လျာထား ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါ ကြောင်း၊ မြို့နယ်အချို့တွင်သာ လုံခြုံရေးအခြေအနေကန့်သတ်ချက်များကြောင့် ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အတွက် ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခင်လျာထား သတ်မှတ်ချက်တွင် မပါဝင်သည့်ပြည်ပရောက် မိမိနိုင်ငံသားများ သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံအတွင်း အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခြင်း၊ကျူးကျော်အိမ်ရာများတွင်နေထိုင်သည့် အသက်(၁၆)နှစ်နှင့်အထက် အထောက်အထားမရှိသူများစာရင်းကောက်ယူခြင်းတို့ကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိသေးသည့်အတွက် ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ်သတ်မှတ်ကာ ယင်းကာလအတွင်း (၁၈) နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်းတွက်ချက်၍ လူဦးရေ(၁ ဒသမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ယင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရာတွင် နိုင်ငံသားကတ်နံပါတ်လွဲမှားမှုများ၊ အချက်အလက်မပြည့်စုံသူများ၊ နိုင်ငံသားကတ်ပြားအမှတ်တစ်ခုကို လူတစ်ဦးထက်ပိုမို ကိုင်ဆောင်ခြင်းများ၊ လူတစ်ဦး (သို့မဟုတ်) အိမ်ထောင်စုတစ်ခုသည် တစ်နေရာထပ် ပိုမိုနေထိုင် သည့်အချက်အလက်များစသည်ဖြင့် စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းဖြစ်စဉ်များအား ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အချက်အလက် မပြည့်စုံသူများအား ရနိုင်သမျှနည်းလမ်းများဖြင့် ဖြည့်သွင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ လက်ရှိအခြေအနေအရ (နိုင်-၄) မှတ်တမ်းနှင့် ပုံစံ (၆၆/၆) အချက်အလက်များကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ပြီး အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက ယင်းစာရင်းများကိုအခြေခံကာ မှန်ကန်သောမဲစာရင်းများကို ပြုစုရရှိနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှ ယင်းအချက်အလက်များကို နောက်ဆုံးအခြေအနေ Software Update ပြုလုပ်ထားသည့်စာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်မည်ဆိုပါက ရွေးကောက်ပွဲအတွက် အဓိကကျသည့်မဲစာရင်းကို မှန်ကန်စွာပြုစုနိုင်မည်ဖြစ်သည့်အတွက် ဌာနမှညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့ဌာနအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကိုလည်း လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ရရှိသည့်အချိန်ကာလပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း အဆင့် (၈) ဆင့်အနက် အဆင့် (၅) ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယခုအခါ မြေပုံရေးဆွဲခြင်းလု်ပငန်းတွင် ရပ်ကွက်၊ကျေးရွာ တည်နေရာ Point များကို မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ ယခုအထိ ရပ်ကွက်၊ ကျေးရွာ စုစုပေါင်း (၇၂၆၉၃)ခု အနက် (၂၁၉၄၈)ခု (၃၀ ရာခိုင်နှုန်း) ကောက်ယူပြီးစီးနေပြီဖြစ်ပါကြောင်း၊ ယခုရှင်းလင်းဆွေးနွေး ချပြခဲ့သည့်လုပ်ငန်းများသည် ပြီးစီးရမည့်အချိန်ကာလနှင့် ပြီးစီးရမည့်လုပ်ငန်းပမာဏ သတ်မှတ်ချက်များရှိပြီး နိုင်ငံတော်အတွက် မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်သည်နဲ့အညီ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လုပ်ငန်းဆောင်ရွက်မှုတိုင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်နှင့် လုပ်နည်းလုပ်ဟန်၊ ညွှန်ကြားချက်များကိုလည်း လက်အောက်အဆင့်ဆင့်သို့ ရှင်းလင်းချပြကာ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေး အမြဲမပြတ်ထိတွေ့ကြပ်မတ် ဆောင်ရွက်ကြရန်၊ တွေ့ကြုံနိုင်သည့် လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် သက်ဆိုင်ရာနယ်မြေအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်အဆင့် (၁) နှင့် (၂) တို့ကို သတ်မှတ် ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ မဲစာရင်း မှန်ကန်ရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများ ဖြင့်ပူးပေါင်းကာ မိမိဌာန စာရင်းဇယား များနှင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များ ၊ လက်ရှိဆောင်ရွက် နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်စွက်တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို သုံးသပ်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဌာနမှဆောင်ရွက် နေသည့်လုပ်ငန်းများသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိကာ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုပေး၍ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေးနှင့် ကျန်းမာရေးအသိ၊ လုံခြုံရေးသတိဖြင့် ဂရုပြုဆောင်ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.