ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကလောခရိုင် ဦးစီးမှူးရုံး အဆောက်အဦနှင့် ရုံးဖွင့်လှစ် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌
တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး။
နေပြည်တော်၊ စက်တင်ဘာ ၂၇ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း နှင့် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်၊ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးခန်းမ၌ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား တွေ့ဆုံရာ ရှေးဦးစွာ ကလော ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ခရိုင်ရုံးအား မြို့နယ်ရုံးဝန်းအတွင်း ဆောင်ရွက်ဖွင့်လှစ်ထားရှိမှု၊ ရုံးဝန်ထမ်းများပြောင်းရွှေ့ရောက်ရှိ တာဝန်ထမ်းဆောင်နေမှု၊ ခရို်ငရုံးကွပ်ကဲမှုအောက်ရှိ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်ဦးစီးမှူးရုံးများ အခြေအနေနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခင်ကတည်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို စီမံချက်များချမှတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ပုံစံများတွင်လည်း ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြရန်လည်း အရေးကြီးပါကြောင်း၊ ယင်းစာရင်းပုံစံ အချက်အလက်များအပေါ် မူတည်၍ ရွေးကောက်ပွဲများကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်စွာပြုစုရေး လုပ်ငန်းစဉ်အား ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်စွာပြုစု နိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဌာနမှ စာရင်းဇယားများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြပြီး ရုံးအဆောက်အအုံ၊ စာရွက်စာတမ်းနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံး၊ မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှု၊ မြို့နယ်ရုံးရှိ နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု၊ ခရိုင်ရုံးဖွင့်လှစ် ဆောင်ရွက်ထားရှိမှုနှင့် ရုံးဝန်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့၊ အမှတ် ( ၃ )ရပ်ကွက်ရှိ မြေနေရာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခရိုင်ရုံးပါဝင်သော စုပေါင်းခရိုင်ရုံး ဆောက်လုပ်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စုပေါင်း ခရိုင်ရုံးဆောက်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားသည်။
မွန်းလွဲ ( ၂ )နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများနှင့် တွေ့ဆုံရာ ရှေးဦးစွာ ပြည်နယ်ဦးစီးမှူး ဦးအောင်မြင့် က ရှမ်းပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ရုံးများဖွင့်လှစ်၍ ရည်မှန်းချက်တာဝန်များ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်နှင့် နိုင်-၄ မှတ်တမ်းများ၊ အထစပုံစံ ( ၆၆/၆ )များ ဖြည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ မြေပြင်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ ပံ့ပိုးကူညီ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သည့် မဲစာရင်းများနှင့် မိမိတို့ဌာနရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်ကာ မဲစာရင်းမှန်ကန်ရေးအတွက် ပြုစုဆောင်ရွက်ရေး၊ မိမိတို့ဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်အသိပေးမှုအပေါ် စနစ်တကျ စိစစ် ဆောင်ရွက်ပေးရမည့်နည်းလမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် အစီအမံများ၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်အခြေအနေ၊ မိမိဌာန၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အချင်းချင်း စာရင်းဇယားများ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်၍ ပြည်သူကို စေတနာ ရှေ့ထားကာ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်မှု၊ ဝန်ထမ်းအားလုံး လုံခြုံရေးသတိရှိကြရေးနှင့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရေး ရှင်းလင်းမှာကြားပြီး ရုံးခန်းမအတွင်း ဝန်ထမ်း များက နိုင်-၄ မှတ်တမ်းပါ အချက်အလက်များ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.