ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်၊ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ် ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသား အခွင့်အရေးအပြည့်အဝ ရရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်က မွန်းလွဲ(၃)နာရီခွဲက လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး ခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့်် နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး အတွက် ခေတ်အဆက်ဆက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးပွင့်၊ သစ္စာ စသည့် စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသကဲ့သို့ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသား တိုင်း နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ် မရရှိသေးသူများနှင့် ယခုနှစ်အတွင်း အသက်(၁၆)နှစ်ပြည့်မှီလာသူများအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သကဲ့သို့ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ခွင့် အပြည့်အဝရရှိနိုင် မည်ဖြစ်ပါကြောင်း၊ လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားကို အလွယ်တကူရရှိမှုအပေါ် တန်ဖိုးမထား မဖြစ်ကြရန်နှင့် စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးရရှိသကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်လည်း လိုအပ်ပါကြောင်းနှင့် နိုင်ငံသားတစ်ဦး၏တာဝန်ကို လည်း ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း  ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လောက်ကိုင် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင်(၂၀၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀၀)ကတ်တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံ ကိုယ်စားလှယ်များထံ အသီးသီး ပေးအပ်ကြသည်။

          ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး  အခမ်း အနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်‌ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကြသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လောက်ကိုင်မြို့၊ အေးငြိမ်းချမ်းသာ ပြည်သူ့ဥယျာဉ် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် မဲခေါင်-လန်ချန်းဒေသ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပေးအခမ်းအနားသို့ တက်ရောက်အားပေးသည်။

          အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဌ ဦးမြင့်ဆွေတို့က သိုလှောင်ရုံနှင့် အသိပညာပေးစင်တာတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကမ္မည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှ ထောက်ပံ့ငွေ ကျပ်(၄၆၅ဒဿမ ၇၀၈)သန်းဖြင့် ရှမ်းပြည်နယ်အတွင်း ပင်းတယ၊ မိုင်းပျဉ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့တွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အရ သိုလှောင်ရုံနှင့် အသိပညာပေး စင်တာ (၄)ခုတို့ကို တည်ဆောက်ပေးခဲ့ရာ  ယခုအခါ အဆိုပါကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် တည်ဆောက်ပြီးဖြစ်သည့် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ရဟတ် ယာဉ်ကွင်းအနီး၌ လောက်ကိုင်ဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများအားတွေ့ဆုံကာ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင် နေကြသူများပီပီ နိုင်ငံနှင့်လူမျိုးအပေါ် တာဝန်သိသိသစ္စာရှိရှိ ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသခံ တိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ၍ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်(-)

Sorry, the comment form is closed at this time.