ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးမြို့၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့တက်ရောက်၊

နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးစစ်ဆေး

နေပြည်တော်၊ မေ ၂။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို မေလ (၂) ရက်၊ ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်း ဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

IMG_3861

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်း ကို သာလွန်မင်းလက်ထက်နှင့် ဘိုးတော်ဘုရားလက်ထက်တို့တွင် ကောက်ယူခဲ့သည့် သမိုင်း အထောက်အထားများ တွေ့ရှိရသကဲ့သို့ လွပ်လပ်ရေးမရမီ ကိုလိုနီလက်အောက်တွင်ရှိစဉ်က လည်း သန်းခေါင်စာရင်းကောက်ယူခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့တွင်ကောက်ယူခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံတော်အတွက် ခိုင်လုံ သော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိပြီး စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုနိုင်ရန် တိကျမှန်ကန်သည့် ခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိကာ နိုင်ငံတော်၏ လူဦးရေမူဝါဒရေးဆွဲရေးတွင် အထောက်အကူပြုနိုင်သကဲ့သို့ သက်ဆိုင်ရာဒေသ အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သောကိန်းဂဏန်းများ တွက်ချက်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံ အနေဖြင့်လည်း ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့်ခန့်မှန်းလူဦးရေ(၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃)သန်း ခန့်ကို အခြေခံတွက်ချက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းယူနစ်(Census Unit) (၈၀၀၀၀)ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း (၁၁၀၀၀၀) ခန့် ရှိမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များအသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့်ကောက်ယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို (၁-၁၀-၂၀၂၄) ရက်နေ့မှ(၁၅-၁၀-၂၀၂၄)ရက်နေ့အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည် ဖြစ်ပြီး လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်း အမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လည်း လိုအပ်ပါ ကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် သည် (၃၀-၉-၂၀၂၄) ရက်နေ့၊ ညသန်းခေါင်ယံအချိန် ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈)ခုကို မေးမြန်းကောက်ယူမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး အားလုံး ကောက်ယူပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းကိုလုပ်ငန်းစဉ်(၄)ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ကာလသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်းနှင့် ဆင့်ပွား သင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခန့်မှန်းလူဦးရေ (၄) သန်း (၉) သိန်းကျော်၊ ခန့်မှန်းအိမ်ထောင်စု (၁)သန်း(၂)သိန်းကျော်ရှိပြီး သန်းခေါင်စာရင်းယူနစ် (၁၇၀၀)ကျော်၊ ကောက်ကွက်ပေါင်း (၁၀၀၀၀)ကျော်ကို စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၃၉၀၀) ကျော်ဖြင့် ကောက်ယူ ဆောင်ရွက်ရန်လျာထားပါကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူကာ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

IMG_3883

          ထို့နောက် ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထုအသိပညာပေး TV Spot များကိုပြသသည်။

IMG_3892IMG_3903

          ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအေးမောင်ကြည်က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ကြည့်ရှု၍  တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံး ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများ အား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစိစစ်ထုတ်ပေး ဆောင်ရွက် နေမှု၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့၏အချက်အခြာနေရာနှင့် လူစည်ကားရာနေရာတွင်တည်ရှိသည့်အတွက် မီးဘေးအန္တရာယ် နှင့် လုံခြုံရေးကို အထူးအလေးဂရုပြုဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.