ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ရုံးစာရွက်စာတမ်းများနှင့် ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှုစစ်ဆေး။
နေပြည်တော်၊ ဇွန် ၅။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၅) ရက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးဝန်းအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ်ထုတ်ပေး နေမှုကို လှည့်လည်ကြည့်ရှု့ကာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Unique ID နံပါတ်လာရောက် ဆောင်ရွက်ကြသူ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက ပြည်သူများ ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ၊ အခြားသောဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မှု၊ ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း၌ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှု့ အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသားကတ်ပြားမရှိသေးသူနှင့် လဲလှယ်လျှောက်ထား သူ စုစုပေါင်း (၃၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးကာ Biographic/ Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်းထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရှိပြီးသူ ပြည်သူ (၂၈၀) ဦးအား Biographic/ Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ရုံးစာရွက်စာတမ်းများနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးဖိုင်များစနစ်တကျ လုံခြုံစွာထိန်းသိမ်းထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေး၊ ကိုယ်ရေးဖိုင်များ အသုံးပြုကိုင်တွယ်ရာတွင်လည်း စနစ်တကျမှတ်တမ်း ရေးသွင်း ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရေးမှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက် များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရုံးချုပ်ခန်းမ၌ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာ စကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်အရ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပန်းခင်း စီမံချက်လုပ်ငန်းများကိုလည်း စီမံချက်များရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်အဆင့် (၃)လုပ်ငန်းစဉ်တွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် နိုင်ငံသားကတ် ရှိပြီးသူတိုင်း e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းကို တစ်ပါတည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ယခုနှစ်အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အထိ ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိကျမှန်ကန် သည့် မဲစာရင်းပြုစုနိုင်ရေးလုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ချိတ်ဆက် ဆောင်ရွက်ရပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.