ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မုံရွာမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၍ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း၊ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မုံရွာမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၍ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း၊ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး။

နေပြည်တော်၊ ဇွန် ၆။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို ဇွန်လ(၆) ရက်နေ့၊  ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ရှိ ချင်းတွင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ကိုင်း တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

IMG_5254

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ ရှိမည့် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့်ရှိမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုအပါအဝင် ကောက်ကွက်ပေါင်း (၁၁၀၀၀) ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၄၀၀၀) ကျော်ဖြင့် ကောက်ယူရန်  လျာထား ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့်အသုံးပြု၍ စာရင်းကောက်များက ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် Tablet များ အသုံးပြုကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်းကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ လာမည့် ဩဂုတ်လမှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအား သတ်မှတ်ကာလ အတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလုပ်ငန်းစဉ်အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_5216

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး ဆိုင်ရာလုပ်ငန်းများတွင် စီမံကိန်းများချမှတ် ဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့် ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

          ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဌနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံတို့က သန်းခေါင်စာရင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ စစ်ကိုင်း တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများခင်းကျင်းပြသလာမှုအား ကြည့်ရှု အားပေးပြီးနောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။IMG_5374

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၊ ဖူဆယ်အားကစားရုံသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ်ပြား ရှိပြီးဖြစ်သည့် ပြည်သူများအား ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို နေပြည်တော်ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေးနှင့် အချက်အလက်ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြု ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ Unique ID နံပါတ်ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း ဆွေးနွေးပြီး UID နံပါတ်ထုတ်ပေးဆောင်ရွက်မှုနှင့် အခြားသောဝန်ဆောင်မှုများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်ကာ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် မိမိတို့ဌာနက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အခြားသော ဆက်စပ် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ လက်ရှိအခြေအနေတွင် ပန်းခင်းစီမံချက်များ၊ Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးရေးလုပ်ငန်းများအပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ်စိစစ် ကြပ်မတ်ဆောင်ရွက်ကြရေး၊ လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံတော်၏အနာဂါတ်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်မြင်ရေး အတွက် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးကာ ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ  ပေးအပ်သည်။

IMG_5434

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအဆောက်အဦအခြေအနေနှင့် ရုံးဝန်းအတွင်း ရာသီသီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ၁၀၀ KVA Transformer တပ်ဆင်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.