ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်၊ ဝန်ထမ်းများအနေဖြင့် သစ္စာတရားကို လက်ကိုင်ပြု၍ နိုင်ငံနှင့်ပြည်သူက အားကိုး ယုံကြည်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်ကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်၊ ဝန်ထမ်းများအနေဖြင့် သစ္စာတရားကို လက်ကိုင်ပြု၍ နိုင်ငံနှင့်ပြည်သူက အားကိုး ယုံကြည်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်ကြရန်တိုက်တွန်း။

နေပြည်တော်၊ ဇွန် ၁၅ ။

          ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၅) ရက်၊ ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက်(၆) နာရီတွင် ပျဉ်းမနားမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာ ဆရာတော်(၅)ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိတ်သတ်များက ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်များထံမှ ပရိတ်တရားတော်များ နာကြားကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြပြီးနောက် ဆရာတော်ကြီး များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

          အခမ်းအနား ဒုတိယပိုင်းကို နံနက်(၉)နာရီတွင် ဝန်ကြီးဌာနစုံညီခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်  နိုင်ငံ၏ သမိုင်းကြောင်း လိုအပ်ချက်အရ ဖြစ်တည်ခဲ့သည့် မိမိတို့ဝန်ကြီးဌာနသည် နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုလိုနီ လက်အောက်တွင်ရှိနေစဉ် နိုင်ငံလွတ်လပ်ရေးမရခင်အချိန်ကတည်းကစတင်၍ ခေတ်အဆက်ဆက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ၊ နိုင်ငံသားမှတ်ပုံတင်ရေးဆိုင်ရာဌာနများကို အမျိုးမျိုးဖွဲ့စည်း ဆောင်ရွက်ခဲ့ရာမှ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ်  ဖွဲ့စည်းခဲ့ခြင်းကြောင့် ယင်းနေ့ကို မိမိတို့ဝန်ကြီးဌာန၏ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ဝန်ကြီးဌာနသည်(၂၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယခုအခါ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၄)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများနှင့် သင်တန်းကျောင်းစသည်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဌာန၏အဓိက လုပ်ငန်းတာဝန်ကြီး(၄)ရပ်ချမှတ်ကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီဖြစ်စေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စက်ကိရိယာ၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကို အဖက်ဖက်က ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက် နေကြရပါကြောင်း၊ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သော “ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်အပေါ် အကောင်အထည်ဖော်ရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် မဲစာရင်းတိကျမှန်ကန်ရေးအတွက်  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရပ်ကွက်၊ ကျေးရွာ၊ သစ်တောကြိုးဝိုင်းအတွင်း နေထိုင်သူများ ၊ လှေ၊ သမ္ဗာန်၊ ဖောင်များပေါ်တွင် နေထိုင်သူများအား နိုင်ငံတော်မှဖွဲ့စည်းပေးထားသည့် (၅) ဦးကော်မတီ ဖြင့်စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း၊ ကိုယ်ရေးအချက်အလက် များမှန်ကန်ရေးအတွက် နိုင်ငံသားကတ်ပြား အသစ်/အဟောင်း လဲလှယ်ခြင်း ဆောင်ရွက်မှုအားလုံး ကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူပြီး ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် မဲစာရင်းမှန်ကန်ရေးတို့တွင် အထောက်အကူပြုနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းစသည့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် သတ်မှတ်ကာလများအတွင်း အချိန်မီပြီးစီးရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကန့်သတ်ချက်အမျိုးမျိုးကြားက အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်နှစ်တာ ကာလတာဝန်ထမ်းဆောင်ရာတွင် ပင်ပန်းမှုများပြေပျောက်ပြီး ရှေ့ဆက်မည့်အနာဂတ်တွင် ပျော်ရွှင် ချမ်းမြေ့စွာ အားသစ်အင်သစ်များဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ဌာန၏မွေးနေ့၊နှစ်ပတ်လည်နေ့ကိုသတိတရဖြင့် အလေးအမြတ်ပြု ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနဝန်ထမ်းများသည် သစ္စာတရားကိုလက်ကိုင်ပြု ၍ ကိုယ်ချင်းစာစိတ်ထားနှင့်ယှဉ်ကာ အားလုံးအပေါ် မေတ္တာတရားဖြင့်လွှမ်းခြုံပြီး နိုင်ငံနှင့်ပြည်သူ က အားကိုးယုံကြည်သည့် နိုင်ငံ၏ ရွှေတံခါးမှူးများအဖြစ် ဌာန၏ရည်မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်မှုအား၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျရာကဏ္ဍက ကြိုးပမ်း ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_6235

IMG_6208

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိကြသူများအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ပြီးနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၀၇)တွင် ထူးချွန်စံပြဆုရရှိခဲ့သည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နှင်းချယ်ရီထက် အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဌေးလှိုင်တို့က Man of the year အဖြစ် တစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးအဆင့် အပ်နှင်းတပ်ဆင်ပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆု ကိုပေးအပ်ချီးမြှင့်သည်။

IMG_6312

          ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့တွင် ဖွင့်လှစ်ခဲ့သည့်သင်တန်းများ၌ ထူးချွန်ဆုရရှိကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် (၆) ဘာသာ ဘာသာစုံဂုဏ်ထူးရရှိသူ (၂) ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး အပါအဝင် ဂုဏ်ထူးရရှိသူ ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စု ဝန်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

          ဆက်လက်၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသားကျောင်းသူများထံ အသီးသီး ပေးအပ်သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုဆုရရှိကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီးနောက် ဝန်ထမ်းများအား ကံစမ်းမဲဖောက်ခြင်း ၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဆောင်ရွက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.