ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၄) ဖွင့်ပွဲ တက်ရောက်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။
နေပြည်တော်၊ ဇွန် ၁၇။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစွာ အနီးကပ်ကြီးကြပ် ဆောင်ရွက် နိုင်ရေးအတွက် သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၄) ဖွင့်ပွဲကို ဇွန်လ (၁၇) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်း နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသားအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက် အနီးကပ်ကြီးကြပ်ဆောင်ရွက် ရသူများအနေဖြင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်နိုင် ရေးအတွက် ယခုလိုသင်တန်းများကိုဖွင့်လှစ်ပို့ချရခြင်းဖြစ်ပြီး ယခု (၄) ကြိမ်မြောက်သင်တန်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးတာဝန်ထမ်းဆောင်နေကြသူများကို ပုံမှန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် အသုတ်လိုက်ခွဲဝေကာ အလှည့်ကျတက်ရောက်စေခြင်းဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ ၂၀၂၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအနေဖြင့် စီမံချက်ပါ သတ်မှတ် ကာလများအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မကြာမီစာရင်းကောက်ကွက် မြေပုံများကို ပုံနှိပ်ဖြန့်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ခရိုင် အလိုက်မြို့ကြီးများတွင်လည်း သန်းခေါင်စာရင်းဆိုင်ရာ Bill Board စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လူထုအသိပညာပေးလုပ်ငန်းများကိုလည်း သတ်မှတ်အချိန်ဇယားများ အတိုင်း ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်ပေါင်း တစ်သိန်းကျော်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းခန့်အား ခန့်အပ်တာဝန်ပေး ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိ သည့် အချက်အလက်များအပေါ်မူတည်၍ နိုင်ငံတော်မူဝါဒများနှင့် လူမှုစီးပွားဆိုင်ရာ စီမံကိန်း များအတွက် နှစ်စဉ်လူဦးရေစာရင်းများကိုလည်း မှန်ကန်စွာတွက်ချက်ပေးနိုင်မည်ဖြစ်သဖြင့် သန်းခေါင်စာရင်းကို မထပ်မကျန်အမှန်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အနီးကြပ် ကြီးကြပ်ဆောင်ရွက်ကြ မည့် သင်တန်းသားအရာရှိများအနေဖြင့် သင်တန်းမှပို့ချချက်များကို သိရှိနားလည်သဘောပေါက် ကာ မိမိတို့၏အတွေ့အကြုံများဖြင့် ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သင်တန်း နည်းပြများ၏ သင်ကြားပို့ချချက်များကို လေးလေးနက်နက်လိုက်နာမှတ်သားကာ မြေပြင် အခြေအနေနှင့်ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်နိုင်ရေး အချင်းချင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြစေလိုကြောင်း၊ သင်တန်းအတွေ့အကြုံများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကိုလည်း မိမိတို့အထက်အကြီးအကဲများအား အသေးစိတ်ပြန်လည် ရှင်းလင်းတင်ပြ ကြရန်နှင့် မိမိနှင့်အတူတာဝန်ထမ်းဆောင်မည့် လက်အောက်ဝန်ထမ်းများကိုလည်း ပြန်လည် ရှင်းလင်းပြောကြားကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရေးအတွက် မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ တာဝန်ကျေပွန်မှု တို့နှင့်ပေါင်းစပ် ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သင်တန်းစေလွှတ် တက်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည်သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များနှင့် ရေ၊ မီး ၊ မိလ္လာ အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စားရိပ်သာ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းသို့ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး တို့နှင့် ကချင်၊ မွန်၊ ရှမ်းပြည်နယ်တို့မှ သင်တန်းသားအရာရှိ(၄၈)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၃) ရက်ကြာမြင့်မည်ဖြစ်ကာ ယခုကဲ့သို့ အုပ်ချုပ်မှုသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာရှိများအား ပုံမှန်လုပ်ငန်းတာဝန်များမထိခိုက်စေဘဲ (၇) ကြိမ်ခွဲ၍ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းသည် (၄) ကြိမ်မြောက်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.