ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး Mr.Daba Debele Hunde နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊
နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော်၊ ဇူလိုင် ၁၁ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး Mr. Daba Debele Hunde နှင့်အဖွဲ့အား ဇူလိုင်လ (၁၁) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသားများအား ရှာဖွေ ကူညီကယ်ဆယ်၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်ဆောင်ရွက်ပေးမှု အခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် တရားမဝင် ဝင်ရောက်မှုမရှိစေရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာ-အီသီယိုးပီးယား နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရေးအခြေအနေတိုနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.