ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းမှာကြား၊ ချမ်းအေးသာစံနှင့် ပြည်ကြီးတံခွန်မြို့နယ်များအတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး

ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းမှာကြား၊

ချမ်းအေးသာစံနှင့် ပြည်ကြီးတံခွန်မြို့နယ်များအတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉။

          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက်(၉)နာရီက မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။

IMG_1916

          အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဆိုသည်မှာ မဲစာရင်းပြုစုရာ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိစေရေးအတွက် စနစ်တကျပြုစုထားသည့် မဲစာရင်းပင်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးမှာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းပင်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယင်းစာရင်းများကို လဝကမြို့နယ်ရုံးများရှိ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင် အတည်ပြု၍ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအတည်ပြုစာရင်းများအား ဗဟို ကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေးပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ရရှိလာသည့် အတည်ပြုလူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင်စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်ရာ ပြည့်စုံမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးအတွက် ယင်းရှေ့ပြေးလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၁)တွင် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၂) နှင့် (၃) တို့တွင် အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် ထပ်မံ၍ အသက် (၁၈) နှစ်ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ လျာထား ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း (၁) သောင်းကျော်ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွား ခဲ့သည့်အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်း သွားလာနေထိုင်မှုများရှိနေကြပြီး ယင်းတို့၏စာရင်း အချက်အလက်များ တိကျမှန်ကန်စွာရရှိရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်ကတ်ပါးတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ လျာထားချက်အတိုင်း သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်မြင်ရေး အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_1930

          ထို့နောက် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန်ရေးတို့အတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထား သတ်မှတ် ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင် လာသူများ စာရင်းကောက်ယူ‌ပြုစု ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

          ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများအောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ သည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်ရှိ ပြည်သူ့အင်အားဦးစီး ဌာန အဆောက်အဦ၌ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့်မြို့နယ်အချို့မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံရာ ရှေးဦးစွာ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများက မိမိတို့ရုံးဒေသများမှ ယာယီရွှေ့ပြောင်းလာမှု၊ လက်ရှိနေရာ၌ ယာယီရုံးခွဲ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

IMG_2115

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လက်ရှိအခြေအနေအရ ဒေသအချို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဝန်ထမ်းများနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်မှုအခြေအနေ၊ ယခုကချင်ပြည်နယ်၊ ဗန်းမော်ဒေသမှ ဝန်ထမ်းအချို့ မန္တလေးသို့ ယာယီရွှေ့ပြောင်းရောက်ရှိရာတွင် ယင်းဝန်ထမ်းများအနေဖြင့် စုစုစည်းစည်းဖြင့် စနစ်တကျနေထိုင်ကြရန်နှင့် အချင်းချင်း ဖေးမကူညီဆောင်ရွက်ကြရေး၊ မိမိတို့ဒေသမှပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သည့်လုပ်ငန်းများ လာရောက်ဆက်သွယ် ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက် ကြရန်မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအဆောက်အဦအတွင်း ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းများနေထိုင်နိုင်ရေး၊ ရေ၊ မီး ရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ဝါးခင်းကုန်းဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ် အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_2153

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူ လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု့အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊  မီးဘေးအန္တရာယ် နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ ဧည့်ရိပ်သာခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးအား တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ဒေသ အာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် အတည်ပြုလူဦးရေစာရင်းများတိကျမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက် ပြည့်မီရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေးရှင်းလင်းမှာကြားကာ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.