ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍ မဲစာရင်းတိကျမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့် (၃) အောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍

မဲစာရင်းတိကျမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့် () အောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊

တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများမှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀။

       မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက်၊ ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး  အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

IMG_2213

          အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခု ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ၏အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းအား လုံခြုံရေးအခြေအနေကန့်သတ်ချက် အခက်အခဲများကြားမှကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုအခါ အဆိုပါစာရင်းများ၏ လူဦးရေအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်နေမှုနှင့် အချက်အလက်များ ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်များထပ်နေမှုနှင့်   မပါရှိမှုများ မဖြစ်ပေါ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီး စသည့် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက အဆင့်ဆင့်စိစစ်အတည်ပြု ဆောင်ရွက်၍ သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်နိုင်ရေးအခြေအနေ၊ ယခုအခါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် ယင်းအချက်အလက်များအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်  မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက် အဆင့်(၃)ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား  (၆) သောင်း (၆) ထောင်ကျော် ထုတ်ပေးရန်လျာထားမှုနှင့် လျာထားချက်ပြီးစီးအောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ပူးပေါင်းကူညီဆောင်ရွက် ပေးနိုင်ရေးအခြေအနေ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း  ပြောကြားသည်။

IMG_2237

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အရောက်တင်ပြဆောင်ရွက်နိုင်‌ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးကြီးကြပ်မှု ကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊  လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်ပြီး ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ကြည်သာရွှင်ပြစွာ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် လုံခြုံရေးအသိ၊ လုံခြုရေးသတိအမြဲရှိပြီး ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျရာတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ပေးအပ်သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအဆောက်အဦအခြေအနေနှင့် ရုံးဝန်းအတွင်း ရာသီ သီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် တစ်ပိုင်တစ်နိုင် ကြက်နှင့်ဘဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.