ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းမှာကြား၊ထားဝယ်မြို့နယ်မှဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး
နေပြည်တော်၊ မတ် ၇။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ မတ်လ ၇ ရက်၊ နံနက်(၁၀)နာရီက ထားဝယ်မြို့၊ တနင်္သာရိတိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးမှာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းပင်ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း တွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိစေရေး စနစ်တကျပြုစုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယင်းစာရင်း များအနက် အသက်(၁၈) နှစ်နှင့်အထက် လူဦးရေ စာရင်းကို တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအတည်ပြုစာရင်းများအား ဗဟိုကော်မတီမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မဲစာရင်း ပြုစုနိုင်ရေးပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစာရင်းများပေးပို့ရာတွင် အချက်အလက် ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေ မြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင်စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျ ပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မကြာမီကထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ရှေ့ပြေးလူဦးရေစာရင်းအချက်အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များကို နှိုင်းယှဉ် သုံးသပ်၍ ပြည့်စုံမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်အဆင့် (၁)နှင့် (၂) တို့တွင် လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၃)တို့တွင် အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် ထပ်မံ၍ အသက် (၁၈) နှစ်ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ ဆောင်ရွက်ရန် လျာထားရာတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း (၄၀၀၀) ကျော်ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွား ခဲ့သည့်အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်း သွားလာနေထိုင်မှုများရှိနေကြပြီး ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍လည်း ဥပဒေနှင့်အညီ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေးနှင့် မဲစာရင်းမထပ်ရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ သတ်မှတ် ကာလများအတွင်း လျာထားချက်အတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေးနှင့် ပြည့်စုံမှန်ကန်ရေးတို့အတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထား သတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင်သူများ စာရင်း ကောက်ယူပြုစု ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများအောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူ လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ် နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး၊ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် အတည်ပြုလူဦးရေစာရင်းများတိကျ မှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်ပြည့်မီရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စိစစ်၍ ကြည်သာရွှင်ပြစွာဆောင်ရွက်ကြရေးရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (-)
Sorry, the comment form is closed at this time.