ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက် အဆင့် (၃) ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များရှင်းလင်းမှာကြား
နေပြည်တော်၊ မတ် ၂၂ ။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်တာဝန်ရှိသူများလိုက်ပါလျက် မတ် လ ၂၂ ရက်၊ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မင်းကျောင်းဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းသာသနာ့ဗိမာန်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ် ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း (၁၀)လုံးပါ Unique ID နံပါတ် တစ်ပါတည်း ထုတ်ပေးဆောင်ရွက်နေမှု ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
မွန်းလွဲ (၁)နာရီတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မဲဆန္ဒရှင်စာရင်း ပြုစုရာ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိစေရေးအတွက် စနစ်တကျပြုစုဆောင်ရွက်မှသာ ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်မည်ဖြစ်ပါ ကြောင်း၊ ပြည့်စုံမှန်ကန်သည့်မဲဆန္ဒရှင်စာရင်းဖြင့်သာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစာရင်းများအနက် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကို ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုပြီး ဗဟိုကော်မတီသို့ ပေးပို့ဆောင်ရွက်ကာ ဗဟိုကော်မတီမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေး ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ပေးပို့သည့် အတည်ပြုလူဦးရေစာရင်းများအား အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက် ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင် စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များက စနစ်တကျ ပြန်လည်စိစစ်အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြ ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မကြာမီက ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ရှေ့ပြေးလူဦးရေ စာရင်းအချက်အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက် များကို နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ ဝန်ကြီးဌာနမှ ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် တစ်ခုလုံးအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၁)တွင် လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ ပြီး ပန်းခင်းစီမံချက်အဆင့်(၂)တွင် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့၍ အဆင့်(၃)တွင် အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် ထပ်မံ၍ အသက် (၁၈)နှစ်ပြည့်လာမည့်သူများ အတွက် ယခုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်အထိ ဆောင်ရွက်ရန် ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားစုစုပေါင်း (၁) သိန်း (၇) သောင်းကျော်ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီ နေရပ်စွန့်ခွာရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိနေရာ ယင်းတို့၏စာရင်း အချက်အလက်များ တိကျ မှန်ကန်စွာရရှိရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိ ကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေး မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် အပြန်အလှန်ဆက်စပ် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်းစဉ်များ လျာထားသတ်မှတ်ချက်အတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ပြည့်စုံမှန်ကန်ရေးနှင့် သတ်မှတ်ချိန်အမီ တင်ပြ နိုင်ရေး စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)လျာထား သတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ယာယီရွှေ့ပြောင်းနေထိုင်လာသူများ စာရင်းကောက်ယူ ပြုစုထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများမှ ဦးစီးမှူးများနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ယာယီရွှေ့ပြောင်းရောက်ရှိနေကြသည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့် လက်ငင်းဦးစားပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ လက်ရှိအခြေအနေတွင် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့်စာရင်းများ မှန်ကန်စေရေးနှင့် အတည်ပြုစာရင်းများ အချိန်မီပေးပို့နိုင်ရေး၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်ပြည့်မီ ပြီးစီးရေးတို့အတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီရွှေ့ပြောင်းရောက်ရှိ နေကြသည့် ဝန်ထမ်းများအနေဖြင့် ယာယီဖွင့်လှစ်ထားသည့်ရုံးများသို့ သက်ဆိုင်ရာဒေသမှ ပြည်သူများလာရောက် ဆောင်ရွက်ရာတွင် အဆင်ပြေစွာဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးနှင့် မှတ်တမ်းမှတ်ရာ လိုအပ်ချက်များ အပေါ် ရုံးအချင်းချင်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ပေးကြရေး၊ လုပ်ငန်းစဉ်တိုင်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်၍ ပြည်သူအပေါ် ကြည်သာရွှင်ပြစွာ ဝန်ဆောင်မှုပေးနိုင် ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ် ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.