ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (Thailand Digital Arrival Card – TDAC) စနစ်
ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (Thailand Digital Arrival Card – TDAC) စနစ်အသစ်ကို ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။ နိုင်ငံခြားသားများအတွက် လက်ရှိအသုံးပြုလျက်ရှိသည့် စက္ကူဖြင့် ဖြည့်စွက်ရသည့် ဆိုက်ရောက် ကတ်နေရာတွင် စနစ်သစ်ဖြင့် အစားထိုးအသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါ ၁–၅-၂၀၂၅ ရက်နေ့မှစတင်၍ ခရီးသည်များအနေဖြင့် လေကြောင်း၊ ကုန်းလမ်းကြောင်း သို့မဟုတ် ရေကြောင်းဖြင့်ဖြစ်စေ ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ ၎င်းတို့၏ဆိုက်ရောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အီလက်ထရွန်းနစ်စနစ်မှ တစ်ဆင့် တင်ပြရမည်ဖြစ်သည်။
TDAC စနစ်သည် ထိုင်းနိုင်ငံအစိုးရ၏ ပိုမိုကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုဆိုင်ရာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ စီမံဆောင်ရွက်ခြင်းဖြစ်ပါသည်။ နယ်စပ်လုပ်ငန်းစဉ်များကို ချောမွေ့စေရန်၊ စာရွက်စာတမ်း အသုံးပြုမှုများကို လျှော့ချရန်နှင့် ခရီးသွားများ အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အွန်လိုင်းဖောင်ပုံစံတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ခြင်းမတိုင်မီ ဖြည့်စွက်ရမည်ဖြစ်ပြီး ခရီးသွားလာမှုနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အသေးစိတ်အချက်အလက်များ ပါဝင်ရမည်ဖြစ်သည်။
အလည်အပတ်ခရီးသွားဧည့်သည်များ၊ စီးပွားရေးကိစ္စဖြင့် လာရောက်သည့်ခရီးသွားများနှင့် ရေရှည်နေထိုင်သူများ အပါအဝင် နိုင်ငံခြားသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအားလုံးသည် TDAC စနစ်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှတစ်ဆင့် Transit ခရီးသွားများနှင့် နယ်စပ်ဖြတ်သန်းခွင့် Border Pass ကို အသုံးပြု၍ ဝင်ရောက်လာသူများသာ ခြွင်းချက်အနေဖြင့် TDAC စနစ်ကို လျှောက်ထားရန် မလိုအပ်ပါ။
ခရီးသွားများအနေဖြင့် ၎င်းတို့ ဆိုက်ရောက်မည့်ရက်မတိုင်မီ သုံးရက်မှစ၍ TDAC ကို တင်ပြရမည် ဖြစ်သည်။ ဥပမာအားဖြင့် မေလ ၅ ရက်နေ့တွင် ရောက်ရှိလာပါက လျှောက်လွှာတင်ခြင်းကို မေလ ၂ ရက်နေ့တွင် စတင်နိုင်သည်။ အဆိုပါစနစ် စတင်အသက်ဝင်မည့်နေ့တွင် ရောက်ရှိမည့်သူများအတွက် အဆင်ပြေစေရန် ဧပြီလ ၂၈ ရက်နေ့မှစတင်၍ လျှောက်ထားမှုများကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။
ဖောင်ပုံစံဖြည့်ရန်အတွက် ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် https://tdac.immigration.go.th မှတစ်ဆင့် ခရီးသွားတစ်ဦးချင်း သို့မဟုတ် ခရီးသွားအဖွဲ့ဝင် တစ်ဦးအဖြစ် Website Portal မှတစ်ဆင့် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
နိုင်ငံကူးလက်မှတ်အချက်အလက်၊ ကိုယ်ရေးကိုယ်တာနှင့် ခရီးသွားလာခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ၊ ထိုင်းနိုင်ငံတွင် နှစ်ရှည်နေထိုင်သူ သို့မဟုတ် အမြဲနေထိုင်သည့် နိုင်ငံခြားသားများအား TDAC စနစ်၏ “နေထိုင်ရာနိုင်ငံ” နေရာအောက်တွင် “ထိုင်းနိုင်ငံ” ကို ရွေးချယ်ရန် အကြုံပြုပါသည်။
ထိုင်းနိုင်ငံသို့ မဆိုက်ရောက်မီ TDAC ကို လျှောက်ထားခြင်းမရှိခဲ့ပါက နိုင်ငံသို့ ဝင်ရောက်သည့်နေရာ တွင် အင်တာနက်မရရှိသော ခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်များ၌ သတ်မှတ်နေရာ များတွင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ခြွင်းချက်ရှိသော အခြေအနေများအတွက်သာ ရည်ရွယ်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် နှောင့်နှေးမှုများ ရှောင်လွှဲနိုင်ရန်နှင့် နိုင်ငံဝင်/ထွက်ပေါက်များတွင် ပိတ်ဆို့မှု များလျှော့ချနိုင်ရန် TDAC အွန်လိုင်းဖောင်ပုံစံဖြည့်သွင်းရန် တိုက်တွန်းအပ်ပါသည်။
Sorry, the comment form is closed at this time.