အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရွှေသံလွင်ကုမ္ပဏီမှ နေ့စဉ် ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်းနေမှုအား သွားရောက်ကြည့်ရှုအားပေး၊ ဝန်ကြီးဌာန မှဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊

ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက်ရွှေသံလွင်ကုမ္ပဏီမှ နေ့စဉ် ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်းနေမှုအား

သွားရောက်ကြည့်ရှုအားပေး၊ဝန်ကြီးဌာန မှဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး

 နေပြည်တော်၊ ဧပြီ ၃ ။

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧပြီလ (၃) ရက်၊ ယနေ့နံနက်ပိုင်းက ပုဗ္ပသီရိမြို့နယ်၊ ရွာတော်တပ်နယ်သို့သွားရောက်၍ မတ်လ (၂၈)ရက်နေ့၊ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် နေပြည်တော်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအတွက် ရွှေသံလွင် ကုမ္ပဏီမှ နေ့လယ်စာနှင့်ညနေစာ လှူဒါန်းနိုင်ရေးချက်ပြုတ်ပြင်ဆင်နေသည့်နေရာသို့ သွားရောက် ကြည့်ရှုအားပေးသည်။

IMG_4570 (1)

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသံလွင်ကုမ္ပဏီဝန်ထမ်းများနှင့် တပ်နယ်မှ စစ်သည်များ စုပေါင်းချက်ပြုတ်ပြီးဖြစ်သည့်နေ့လယ်စာအား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေပေး နိုင်ရေးစိစစ်ဆောင်ရွက်နေမှုနှင့်ချက်ပြုတ်ထားသည့်ထမင်းနှင့်ဟင်းများအခြေအနေကို လှည့်လည် ကြည့်ရှုအားပေးပြီး ရွှေသံလွင်ကုမ္ပဏီမိသားစုမှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အတွက် နေ့စဉ်ချက်ပြုတ်လှူဒါန်းမှုတွင် ကုသိုလ်ပြုပါဝင်မှုအဖြစ် ပြည်ထောင်စုဝန်ကြီးက အလှူငွေကျပ် သိန်း(၅၀) ကို ပေးအပ်လှူဒါန်းရာ ကုမ္ပဏီတာဝန်ခံက လက်ခံရယူသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရွှေသံလွင်ကုမ္ပဏီ ဝန်ထမ်းများက ညနေစာဖြန့်ဝေလှူဒါန်းနိုင်ရေး ချက်ပြုတ်နေမှုအခြေအနေများ၊ ချက်ပြုတ်မှု အတွက် ရေသန့်ရရှိသိုလှောင်ထားရှိမှု၊ ပေါင်းဖိုများဖြင့်ထမင်းများ အစီအရီချက်ပြုတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။

          ရွှေသံလွင်ကုမ္ပဏီအနေဖြင့် မြေငလျင်ဒဏ်သင့်ပြည်သူများနှင့် ဌာနဆိုင်ရာပြည်သူများ အတွက် ဝန်ထမ်းအင်အား ၁၀၀ ကျော်ဖြင့် မတ်လ(၃၁) ရက်မှစ၍ နေ့လယ်စာအဖြစ် ထမင်းထုပ် (၁) သောင်း၊ ညနေစာအဖြစ် ထမင်းထုပ် (၁) သောင်း၊ နေ့စဉ် စုစုပေါင်းထမင်းထုပ် (၂) သောင်း အား ချက်ပြုတ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

IMG_4584 (1)

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးသို့သွားရောက်၍ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ အားတွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက မြေငလျင်ဒဏ်ခံရသည့်ဝန်ထမ်းများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဆင်ပြေစွာ စိစစ်ဆောင်ရွက်နိုင်ရေး၊ သောက်သုံးရေရရှိရေး၊ ဝန်ကြီးဌာနနှင့် အလှူရှင်အသီးသီးမှလှူဒါန်း သည့်ပစ္စည်းများအားလုံး ဝန်ထမ်းအသီးသီးထံ မျှမျှတတခွဲဝေရောက်ရှိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိသည့် ဝန်ထမ်းများနှင့်မိသားစုများအား အလေးထားဂရုပြုကာ ကူညီထောက်ပံ့မှုများပေးနိုင်ရေး၊ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ ရှင်းလင်းချပြမှုများကို လက်အောက်ဝန်ထမ်းများအထိ အဆင့်ဆင့်ရှင်းလင်းချပြအသိပေး နိုင်ရေးနှင့် ဌာနအလိုက် ကွပ်ကဲမှုမပြတ်စေရေး၊ ထူးခြားဖြစ်စဉ်များနှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရေး၊ ရုံးလုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရေး ရှင်းလင်းမှာကြားသည်။

          ထို့နောက် တာဝန်ရှိသူများက ဌာနအလိုက်ပြန်လည်နေရာချထားရေးဆောင်ရွက်နေမှု၊ လှူဒါန်းရရှိသည့်ပစ္စည်းများ စနစ်တကျခွဲဝေရရှိမှုနှင့် ဌာနအလိုက်ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_4679 (3)

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ရုံးခန်းများအတွင်း ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အင်တာနက်ရရှိမှုနှင့် ဆာဗာခန်းများအခြေအနေ၊ ရုံးအဆောက်အဦများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.