ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် ရှင်းလင်းပြောကြား
နေပြည်တော်၊ မေ ၈။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ မေလ (၈) ရက်၊ နံနက်(၉)နာရီခွဲက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပ သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လာမည့်ဒီဇင်ဘာလ အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းပိုမိုပြည့်စုံမှန်ကန်စေရန် ယခင်ပြုစုပြီးဖြစ်သည့် လူဦးရေစာရင်းများ၌ တွေ့ရှိရသည့် လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် အခြေခံအကျဆုံးမှာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းပင်ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဆိုသည်မှာ မဲစာရင်းပြုစုရာ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်း တွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိစေရေးအတွက် စနစ်တကျပြုစုထားသည့် မဲစာရင်းပင်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အနေဖြင့်လည်း ရာနှုန်းပြည့်ကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီမှ တစ်ဆင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေးပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ရရှိလာသည့် အတည်ပြုလူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင်စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်ရာ ပြည့်စုံမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးအတွက် ယင်းရှေ့ပြေးလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်အားလုံးတွင် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ထပ်မံ၍ အသက်(၁၈)နှစ်ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း (၁) သောင်း (၅) ထောင်ကျော်ထုတ်ပေးရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွားခဲ့သည့်အကြမ်းဖက်ဖြစ်စဉ်များ၊ မကြာမီကဖြစ်ပွားခဲ့ သည့် မန္တလေးငလျင်ကြီးအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်း သွားလာနေထိုင်မှုများရှိနေကြပြီး ယင်းတို့၏စာရင်း အချက်အလက်များ တိကျ မှန်ကန်စွာရရှိထားရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေ နှင့်အညီ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်း တွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ လျာထားချက်အတိုင်း သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်မြင်ရေး အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေးနှင့် ပြည့်စုံမှန်ကန်ရေးတို့အတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) လျာထား သတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင်မှုများ နှင့်ပတ်သက်၍ စာရင်းကောက်ယူပြုစု ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.