ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍ မဲစာရင်းတိကျမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့် (၃) အောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများမှာကြား
နေပြည်တော်၊ မေ ၂၃။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့်အတူ မေလ ၂၃ ရက်၊ ယနေ့နံနက် (၁၀) နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ၏ အခြေခံအကျဆုံး ဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ မကွေးတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းအား လုံခြုံရေးအခြေအနေ ကန့်သတ်ချက် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုအခါ အဆိုပါစာရင်းများ၏ လူဦးရေ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး အတွက် စိစစ်ဆောင်ရွက်နေမှုနှင့် အချက်အလက်များ ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်များ ထပ်နေမှုနှင့် မပါရှိမှုများ မဖြစ်ပေါ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီး စသည့် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက အဆင့်ဆင့်စိစစ်အတည်ပြု ဆောင်ရွက်၍ သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်နိုင်ရေး အခြေအနေ၊ ယင်းသို့ဆောင်ရွက်ရာတွင် ထုတ်ပြန်ပြီးဖြစ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်များအား မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ် ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ယင်းအတည်ပြုစာရင်းများအား ဗဟိုကော်မတီမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့တင်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ဆောင်ရွက်မည့် အစီအစဉ်၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ထပ်မံ၍ အသက် (၁၈) နှစ် ပြည့်လာမည့်သူများအပါအဝင် ပန်းခင်းစီမံချက်အဆင့် (၃) ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁) သောင်း (၄) ထောင်ကျော် ထုတ်ပေးရန်လျာထားမှုနှင့် လျာထားချက်ပြီးစီး အောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးလုပ်ငန်းများကို နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး အတွက် စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အရောက်တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်နှင့် လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးကြီးကြပ်မှု ကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး စီမံချက်လုပ်ငန်းများအောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးပြီးနောက် ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက် နေမှုကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုကြပြီး တာဝန်ရှိသူများအာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းအတွက် စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်း ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများနှင့် e-ID ဆိုင်ရာ စက်ပစ္စည်းများ လုံခြုံမှုရှိစေရေးနှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးလုပ်ငန်း များအား မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိအခြေအနေတွင် မြေပြင်ကွင်းဆင်း စာရင်းများစိစစ်အတည်ပြုခြင်း နှင့် ပန်းခင်းစီမံချက်နှင့် Biometricကောက်ယူ၍ UID နံပါတ်ထုတ်ပေးရေးလုပ်ငန်းများအောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊လုပ်ထုံးလုပ်နည်း နှင့်အညီ မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့် ပြည်သူအပေါ် ကြည်သာရွှင်ပြစွာ ဝန်ဆောင်မှု ပေးနိုင်ရေး၊ ဝန်ထမ်းအားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိရေးနှင့် တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ်စိစစ်ကြပ်မတ် ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျရာတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေများ နှင့်စပ်လျဉ်း ၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဦးစီးမှူးရုံးအတွင်း၌ ဝန်ထမ်းများက မဲစာရင်း ပြုစုရာတွင် လိုအပ်သည့်အချက်အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်အတည်ပြုဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.