ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၊
ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုလှည့်လည် ကြည့်ရှုအားပေး၍
Container House များ တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၂၇ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ(၂၇)ရက်၊ ယနေ့မွန်းလွဲ(၃)နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် သင်တန်းကျောင်းမှ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းကျောင်းဝန်းသတ်မှတ် နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ သစ်ဆိမ့်စသည့် အရိပ်ရ နှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် ရေဝေရေလဲစနစ်မှန်ကန်စေရေး၊ ရေနှင့်မြေဆီလွှာ ခမ်းခြောက်မှု ကို ထိန်းသိမ်းနိုင်ရေး၊ သင်တန်းကျောင်း အဆောက်အဦများ လေပြင်းဒဏ်ကာကွယ်နိုင်ရေးနှင့် သင်တန်းကျောင်းပတ်ဝန်းကျင် အရိပ် အာဝါသရရှိကာ စိမ်းလန်းစိုပြေ သာယာလှပစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း ပရဝုဏ်အတွင်း ကံ့ကော်၊ ခရေ၊ ပိတောက်၊ မဟော်ဂနီ၊ သပြေ၊ သစ်ဆိမ့်၊ စိန်ပန်း စသည့် နှစ်ရှည်ပင်စုစုပေါင်း အရိပ်ရသစ်ပင်ပျိုးပင်(၃၁၅) ပင် ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြိးသည် ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများအတွက် သင်တန်းကျောင်းဝန်းအတွင်း Container House များ ရောက်ရှိတပ်ဆင် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ရေ၊ မီး၊ မိလ္လာရရှိရေးနှင့် စနစ်တကျအသုံးပြုဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများ အမြန်နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်ရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.